သည်းခြေအိတ်မှာ အသားပိုဖြစ်တဲ့အခါ
သည်းခြေနဲ့ ပတ်သက်ရင် သည်းခြေကျောက်တည်တာ၊ သည်းခြေပြွန်ကင်ဆာ ဖြစ်တာတွေ ကြားဖူးကြပေမယ့် သည်းခြေအိတ်မှာ အသားပိုဖြစ်တဲ့အကြောင်းကိုတော့ လူသိနည်းမယ် ထင်ပါတယ်။ လူသိနည်းပေမယ့် ဖြစ်ပွားနှုန်းကတော့ မနည်းလှပါဘူး။ လူ၁၀၀မှာ ၄ ယောက်ကနေ ၇ ယောက်ခန့်ဟာ သည်းခြေအိတ် အသားပိုဖြစ်နိုင်ပါတယ်။
သည်းခြေအိတ်ဆိုတာ အသည်းရဲ့အောက်ဖက်မှာ ကပ်လျက်ရှိတဲ့ သစ်တော်သီးပုံ အိတ်ကလေးဖြစ်ပြီး သူ့ရဲ့တာဝန်က အသည်းက ထုတ်လုပ်လိုက်တဲ့ သည်းခြေရည်တွေကို သိမ်းဆည်းကာ အစာခြေချိန်မှာ အူထဲကို ပို့လွှတ်ပေးရတာပါ။ သည်းခြေရည်ထဲမှာ bile salts, bile pigments, ကိုလက်စထရောနဲ့ အဆီတွေပါဝင်ပြီး အူထဲမှာ အစာထဲက အဆီတွေကို အဓိက ခြေဖျက်ပေးပါတယ်။
ဘာကြောင့် သည်းခြေအိတ်ထဲမှာ အသားပို ဖြစ်တာလဲ?
အဆီတွေကို လုံလောက်အောင် ခြေဖျက်မပေးနိုင်တဲ့အခါ အဆီတွေက သည်းခြေအိတ်နံရံမှာ စုလာပြီး သည်းခြေအိတ်အသားပို ဖြစ်လာတယ်လို့ ယူဆကြပါတယ်။
သည်းခြေအိတ်အသားပိုတွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ အန္တရာယ်မရှိတဲ့ ရိုးရိုးအသားပိုတွေပဲ ဖြစ်တတ်ပါတယ်။ အနည်းငယ်ကသာ ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ အသားပိုတွေ ဖြစ်နိုင်ပြီး သည်းခြေကျောက်တည်တာနဲ့ အတူတွဲတွေ့ရတတ်ပါတယ်။
- အသက် ၅၀နဲ့ အထက်လူကြီးတွေ
- ဆီးချိုရှိသူ
- သည်းခြေကျောက်တည်သူ
- အသားပိုက တစ်လုံးတည်းရှိသူ
- အသားပိုအရွယ်အစား ၅ မီလီမီတာအထက်ရှိသူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- ပျို့တာ၊ အန်တာ
- အစာမကြေတာ
- ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းက အောင့်တာတွေ ဖြစ်နိုင်သလို ရောဂါလက္ခဏာ မပြဘဲလည်း ရှိနိုင်ပါတယ်။
တခြားသောအကြောင်းတွေကြောင့် ဗိုက်ကို ultrasound ရိုက်ကြည့်ရာက အသားပိုရှိမှန်းသိကြရတာက များပါတယ်။
ဘယ်လိုကုသမလဲ?
ကင်ဆာနဲ့ မတူရင်၊ ရောဂါလက္ခဏာ မခံစားရရင် ဘာမှမလုပ်လည်း ရပါတယ်။ ၆ လအကြာမှာ ultrasound ရိုက်ကြည့်ပြီး မထူးခြားရင် တစ်နှစ်တစ်ကြိမ် ultrasound ရိုက်ကြည့်ပြီး စောင့်ကြည့်လို့ရပါတယ်။ အကယ်၍ ရောဂါလက္ခဏာတွေ မကြာခဏခံစားရရင်၊ အရွယ်အစားကြီးရင်၊ ကင်ဆာဖြစ်နိုင်ခြေရှိရင်တော့ သည်းခြေအိတ်ကို ခွဲစိတ်ဖြတ်ထုတ်သင့်ပါတယ်။ မေ့ဆေးပေးပြီး လုပ်ရတဲ့ အကြီးစားခွဲစိတ်မှု ဖြစ်ပါတယ်။
သည်းခြေအိတ်အသားပို ရှိသူတွေဟာ အဆီအစိမ့်တွေ၊ ဆီကြော်တွေ၊ snack တွေ၊ ဘီစကစ်၊ ကွက်ကီးနဲ့ ကိတ်မုန့်တွေ၊ အဆီပြည့်နွားနို့နဲ့ ဒိန်ချဥ်တွေ ရှောင်သင့်ပြီး ဗိုက်တာမင်စီနဲ့ antioxidants ကြွယ်ဝတဲ့ အသီးအရွက်တွေ များများစားသင့်ပါတယ်။ အဆီထုတ်ထားတဲ့ နွားနို့၊ ဒိန်ချဥ်နဲ့ ပဲနို့သောက်လို့ ရပါတယ်။ ရေလည်း များများသောက်ရပါမယ်။ အခုပြောခဲ့သလို အနေအထိုင်၊ အစားအသောက် ဆင်ခြင်ရင် မဖြစ်သေးတဲ့သူတွေလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။
သည်းခြေအိတ်အသားပိုဟာ အများအားဖြင့် စိုးရိမ်စရာမရှိဘူး ဆိုပေမယ့်လည်း မဖြစ်တာကတော့ အကောင်းဆုံးပါ။ ဒါကြောင့် ကျန်းမာအောင် နေထိုင်စားသောက်ခြင်းဖြင့် သည်းခြေထဲမှာ အသားပိုတွေ မစုအောင် နေကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်